Myanmar

“တစ်ကယ်လို့များ တစ်ယောက်တည်းဖြစ်နေခဲ့ရင်တောင် အကြွင်းမဲ့ယုံကြည်ပါ”

image

မီတာ ၄၀၀၀ လောက် မြင့်မားလှတဲ့ ကျောက်ကမ်းပါးယံကြီးတွေနဲ့ဝန်းရံထားပြီး အပြင်လောကကြီး အကြောင်း ဘာကိုမှမသိနိုင်တဲ့ မြို့လေးတစ်မြို့ရှိခဲ့တယ်။

အဲဒီမြို့တစ်မြို့လုံးဟာ မီးခိုးခေါင်းတိုင်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။

နေရာတိုင်းလိုလိုမှာ မီးခိုးငွေ့များနဲ့ပြည့်နှက်နေပြီး ကောင်းကင်ယံကြီးတစ်ခုလုံးဟာလည်း မီးခိုးငွေ့တွေ တလိမ့်လိမ့်နဲ့ပေါ့။

နံနက်မိုးသောက်ကနေ ညနက်သန်းခေါင်ယံအထိ မီးခိုးငွေ့တွေ တလိမ့်လိမ့်ပေါ့။

အဲဒီမီးခိုးခေါင်းတိုင်တွေနဲ့ပြည့်နှက်နေတဲ့မြို့မှာ နေထိုင်သူအားလုံးဟာ မဲမှောင်နေတဲ့မီးခိုးတွေနဲ့ ပိတ်ဆို့ခြင်းကိုခံထားရပြီး

ကောင်းကင်ပြာကြီးကို မသိနိုင်ကြပေ။

ထို့အတူ တောက်ပလင်းလက်နေတဲ့ ကြယ်တွေကိုလည်း မသိရှိနိုင်ကြပေ။

image

မြို့လေးအတွင်းမှာ လက်ရှိ Halloween (သရဲပွဲတော်)ကို စည်စည်ကားကားနဲ့ ကျင်းပနေချိန်ပေါ့။

မကောင်းဆိုးဝါးတွေရဲ့အန္တရာယ်ကင်းဖို့ ထွန်းထားတဲ့ အမွှေးတိုင်မီးခိုးတွေနဲ့ထပ်လောင်း ပြီး တောက်လျှောက်မီးခိုးလုံးများ တလိမ့်လိမ့်ဖြစ်နေလေတော့သည်။

အဲဒီအချိန်မှာပဲ…

ညဘက်ကောင်းကင်ယံကြီးမှာပျံသန်းနေတဲ့ ပစ္စည်းပို့နတ်သူငယ်လေးတစ်ယောက်ဟာ မီးခိုးငွေ့တွေကိုရှုရှိုက်မိပြီး ချောင်းဆိုးကာ

ပစ္စည်းပို့နေစဉ်အတွင်းမှာပဲ အမှုမဲ့အမှတ်မဲ့ နှလုံးသားလေးတစ်ခုကို ပြုတ်ကျ ကျန်ရစ်ခဲ့လေတော့သည်။

ထူပြောလှတဲ့မီးခိုးတွေထဲမှာ မြင်ကွင်းထင်ရှားမှုမရှိလို့ နှလုံးသားလေး ဘယ်နေရာမှာကျနေခဲ့ တာကိုမသိရှိနိုင်ခဲ့ပေ။

ပစ္စည်းပို့နတ်သူငယ်လေးလည်း ချက်ချင်းဆိုသလိုလက်လျော့ကာ ပြန်မရှာတော့ဘဲ ညအမှောင်ရဲ့ တစ်ဖက်သို့ လျင်မြန်စွာ ပြန်လည်ထွက်ခွာသွားခဲ့သည်။

“ဒုတ်…ဒုတ်…ဒုတ်ဒုတ်…ဒုတ်ဒုတ်……”

မီးခိုးခေါင်းတိုင်မြို့ကလေးရဲ့ထောင့်တစ်နေရာတွင် ထိုနှလုံးခုန်သံလေးက မြည်နေပေတော့သည်။

image

နှလုံးသားလေးဟာ မြို့အစွန်တစ်နေရာ၏ အမှိုက်ပုံကြီးထဲမှာ ပြုတ်ကျကျန်နေခဲ့တာဖြစ် တယ်။

တဒုတ်ဒုတ်နှင့်ခုန်နေသော နှလုံးသားလေးတွင် အမှိုက်အမျိုးမျိုးက လာကပ်လာပြီး နောက်ဆုံးတွင် မွေးဖွားလာခဲ့တာကတော့……… “အမှိုက်လူသား”ပင်ဖြစ်သည်။

ဆံပင်စုတ်ဖွားနှင့် ယိုင်တိယိုင်ရွဲ့ဖြစ်နေသည့်ထီးဆောင်းထားပြီး ပါးစပ်မှလည်း တရှုးရှုးအသံထွက် နေလေသည်။

အင်မတန်မှညစ်ပတ်လှတဲ့…အမှိုက်လူသား၊ အလွန်နံစော်လှတဲ့…အမှိုက်လူသား။

သူ့ရဲ့နားကို အာရုံစိုက်ပြီး နားထောင်လိုက်တဲ့အခါမှာ အဝေးကလာတဲ့ခေါင်းလောင်းသံကိုကြား လိုက်ရလေသည်။

သူ့ရဲ့အထင်ကတော့ ကိုယ့်အပြင် အခြားသူတစ်ယောက်လည်းရှိတယ်လို့ ခံစားရတဲ့အတွက်

အမှိုက်လူသားဟာ အမှိုက်ပုံကြီးကနေ ထွက်ခွာလာခဲ့လေတော့သည်။

image

မြို့ထဲသို့ရောက်သွားသည့်အခါတွင် ကြောက်စရာကောင်းလှတဲ့သရဲ များကို တွေ့ရှိ
ရလေတော့သည်။

“ဟား…တစ်ကယ့်ကို ထူးဆန်းတဲ့အဝတ်အစားတွေဝတ်ထားတာပဲနော်”

လှည့်ကြည့်လိုက်သည့်အခါတွင် ဘေးတွင်ရပ်နေသည်မှာ ရွှေဖရုံသီးသရဲဖြစ်သည်။

“မင်းကဘာလဲ?”

“ငရဲပြည်က ငရဲမီးကိုမြိုချပြီး Holloween ညကို ထူးဆန်းစွာအလင်းရောင်ပေးမဲ့

“ငါ့ နာမည်က Jack-o-lantern” (ဂျက်-အို-လန်းတန်း)

image

ပုံစံအမျိုးမျိုးသောသရဲများက အမှိုက်လူသားအနီးသို့ စုရုံးလာကြသည်။

“အီး…ဟီး…ဟီး… အားလုံးကကြောက်နေတဲ့ညကို အုပ်စိုးထားတဲ့ စုန်းမကြီးကွ”

“မကောင်းဆိုးဝါးသိပ္ပံပညာရှင်က မွေးထုတ်ပေးလိုက်တဲ့ Moonster Franken ဆိုတာငါပဲ”

“သေခြင်းတရားကိုမေ့ထားလိုက်တဲ့ငါကတော့ Zombie (သွေးစုတ်ဖုတ်ကောင်)ကွ”

ထို့နောက် ထိုသရဲအားလုံးစုစည်းပြီးမေးလိုက်သည်မှာက

“ဒါနဲ့…မင်းကကောဘာကောင်လဲ?”

“ကျွန်တော်က အမှိုက်လူသားပါ”

သရဲအားလုံးက တပြိုင်နက်ထဲ ရယ်မောလိုက်ကြသည်။

image

ထို့နောက် သရဲအဖွဲ့ဝင်အဖြစ် ပါဝင်လာသည့် အမှိုက်လူသားလည်း

“Trick or Treat……Trick or Treat……” (မုန့်မပေးရင် သရဲခြောက်မယ်……မုန့်မပေးရင်သရဲခြောက်မယ်)ဟု ပြောကာ အိမ်များ ကို လှည့်လည်ကာ

လူကြီးများက ဝေပေးသည့်မုန့်များကိုလက်ခံယူခဲ့သည်။

ထို့နောက် ကိုယ့်ထက်ငယ်သောကလေးများကို ပူဖောင်းလက်ဆောင်များပေးကာ လှည့်ပတ်ခဲ့ကြ သည်။

အမှိုက်လူသားမှုတ်ပေးတဲ့ လေပူဖောင်းတွေဟာ လေထဲတွင်မြောက်ကြွမြောက်ကြွဖြစ်နေ တဲ့အတွက်ကလေးများ အလွန်ပျော်ရွှင်နေကြပေလေတော့သည်။

“ကဲ…နောက်တစ်အိမ်ဆက်သွားရအောင် အမှိုက်လူသား”

image

ဟိုအိမ် ဒီအိမ်ကိုလှည့်ပတ် ခဲ့သဖြင့်သရဲများ၏အိတ်ထဲတွင်လည်း မုန့်များဖြင့်ပြည့်နှက်လာခဲ့ ကြသည်။

နာရီစင်မှ ခေါင်းလောင်းမြည်လာသဖြင့် အားလုံးက အိမ်ပြန်ရန် ပြင်ဆင်ကြလေတော့သည်။

အမှိုက်လူသားက အဖွဲ့ဝင်ထဲမှတစ်ယောက်ကို ပြောလိုက်သည်မှာ

“Halloween (သရဲများည)က ပျော်စရာကောင်းတယ်နော်၊ မနက်ဖြန်လည်း ထပ်လုပ်ရအောင်…”

“မင်းဘာတွေပြောနေတာလဲ အမှိုက်လူသား? Halloween က ဒီနေ့အထိပဲလေ”

ထိုသို့ပြောကာ သရဲများက တစ်ယောက်ပြီးတစ်ယောက် မျက်နှာဖုံးများကို ချွတ်ကြလေတော့သည်။

ရွှေဖရုံသီးထဲမှ လူငယ်လေး အန်တိုနီ၊

စုန်းမကြီးထဲမှ ကောင်မလေး ရေဗ္ဗကာ၊ တစ်ယောက်စီ တစ်ယောက်စီထွက်လာကြလေသည်။

၎င်းတို့အားလုံးသည် သရဲဟန်ဆောင်ထားကြခြင်းသာဖြစ်ကြသည်။

image

“ဟင်…ဘာဖြစ်နေတာလဲ? အမှိုက်လူသား…မင်းလည်းချွတ်လေကွာ”

“ဟုတ်တယ်လေ…ဒီလောက်ညစ်ပတ်နေတဲ့အဝတ်အစားတွေ မင်းလည်းမကြိုက်ဘူးမဟုတ်လား”

ရေဗ္ဗကာက အမှိုက်လူသား၏ခေါင်းကို ဆွဲလိုက်ရာ…

“အား……အား……နာတယ်…နာတယ်”

image

“အောင်မလေး”

ရေဗ္ဗကာက ကျယ်လောင်စွာ အော်လိုက်မိလေတော့သည်။

“သူက သရဲဟန်ဆောင်ထားတဲ့ အဝတ်အစားကို ဝတ်ထားတာမဟုတ်ဘူး”

လူငယ်လေးများအားလုံးက ရုတ်တရက်ချက်ချင်းဆိုသလို ဆတ်ခနဲ အမှိုက်လူသားအနီးမှ ခွာလိုက် ကြသည်။

“သရဲ…ဟိုဘက်ကိုထွက်သွားစမ်း”

“မြို့ထဲကနေထွက်သွားစမ်း…အမှိုက်လူသား”
“ပင်လယ်ထဲမျောသွားစမ်း”

လူငယ်များက ဆက်တိုက်ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံခဲ့ကြသည်။

image

အမှိုက်လူသား၏ ကောလဟာလသတင်းက ချက်ချင်းဆိုသလိုပင် တစ်မြို့လုံး ပျံ့နှံ့သွားခဲ့လေတော့ သည်။

“အမှိုက်လူသားလေ”

“သရဲတွေ့ခဲ့တယ်”

အမှိုက်လူသားက စကားလှမ်းပြောသည့်တိုင်အောင်

“ဟိုဘက်ကိုထွက်သွားစမ်း…အမှိုက်လူသား၊ အနံ့ကူးမယ်”ဟုဆိုကာ ဘယ်သူမှ လက်ခံစကားမပြောကြတော့ပေ။

အမှိုက်လူသားက ခုံတန်းရှည်တွင်ထိုင်ကာ တရှုးရှုးနှင့် သက်ပြင်းချနေလေတော့သည်။

ထိုအချိန်တွင်

“ခင်ဗျားလား? ကောလဟာလတွေပျံ့နေတဲ့ အမှိုက်လူသားဆိုတာ…”
“ပြီးတော့ အဲဒါတွေကလည်း ဟန်ဆောင်ထားတာမဟုတ်ဘူးဆို…”

image

လှည့်ကြည့်လိုက်ရာတွင် တစ်ကိုယ်လုံး အိုးမဲများပေကျံနေသော လူငယ်လေးတစ်ယောက် ရပ်နေသည်ကို တွေ့ရလေသည်။

လူငယ်လေးက အမှိုက်လူသား၏ သရုပ်မှန်ကိုသိသော်လည်း ထွက်ပြေးခြင်းမပြုခဲ့ပေ။

“ကျွန်တော်က မီးခိုးခေါင်းတိုင်သန့်ရှင်းရေးသမား လုဗိချိ (Lubicchi)ပါ”
“ခင်ဗျားကကော…?”

“အင်း……ဟို……”

“နာမည်မရှိရင်လည်း တပ်လိုက်ရင်ရတာပဲ……

ဟုတ်ပြီ Halloween (သရဲများပွဲနေ့)မှာ ပေါ်လာခဲ့တဲ့ အတွက်ကြောင့်မို့လို့ Halloween Poupelle (ပုပဲလု) ပေါ့”

image

“Halloween Poupelle (ပုပဲလု) ခင်ဗျားက ဒီလိုနေရာမျိုးမှာ ဘာလုပ်နေတာတုန်း?”

“ဘယ်သူကမှ အဖက်လုပ်ပြီးတော့ ကစားဖော်မလုပ်ကြလို့လေ”

ပုပဲလု ကထိုသို့ပြောရာတွင် လုဗိချိက “ဝါးဟားဟား”ဟု ရယ်ချလိုက်လေတော့သည်။

“ဒါလည်း ဟုတ်တာပဲနော် ပုပဲလု”
“ခင်ဗျားက ညစ်လည်းညစ်ပတ်တယ်၊ အဲဒီအပြင် နံလည်းနံတာကိုး…”

“ပြောရဲလိုက်တာနော်…အဲ့လိုပြောတဲ့ လုဗိချိကိုယ်တိုင်ကလည်း တစ်ကိုယ်လုံးမဲတူးနေတာ မဟုတ် ဘူးလား”

image

“ဒါက အလုပ်ကအပြန်မို့လို့လေ… မြင်တဲ့အတိုင်း အိုးမဲတွေပေကျံနေတာလေ”

“မီးခိုးခေါင်းတိုင်သန့်ရှင်းရေးဆိုတာ လူကြီးအလုပ်မဟုတ်ဘူးလား?”

“အိမ်မှာက အဖေမရှိတော့တဲ့အတွက် ကျွန်တော်က အလုပ်မလုပ်လို့မရဘူးလေ”

“အဲဒါထက် ဒီလောက်နံစော်နေတာ သူများတွေ ရွံမုန်းတာလည်း သဘာဝကျတယ်နော်”
“အိမ်က ပန်းခြံထဲမှာ ရေချိုးသွားလေ”

“ ဟင်..ရလား..”

“ကျွန်တော်လည်း ရေမချိုးဘဲနဲ့ အိမ်ပေါ်တက်လို့မရဘူး…တလက်စတည်း ခင်ဗျားလည်း ရေချိုး လိုက်လေ”

“လုဗိချိက ကျွန်တော့်ကိုရှောင်မပြေးရဘူးနော်”

“ပုပဲလု ခင်ဗျားဆီကနေ တစ်ခုခု လွမ်းစရာကောင်းတဲ့အနံ့လေးရတယ်… ကျွန်တော်ပစ်ထားတဲ့ အတွင်းခံဘောင်းဘီလေးများ ရောပါနေလားမသိဘူးနော်…”

image

လုဗိချိက ပုပဲလု ရဲ့ခန္ဓာကိုယ်ကို ချိုင်းကြိုချိုင်းကြားအထိ ဆေးကြောပေးခဲ့လေသည်။

အညစ်အကြေးအားလုံးသန့်စင်သွားပြီး အနံ့အသက်များလည်း အတော်လေးသန့်စင်သွားခဲ့သည်။

“ကျေးဇူးပဲ…လုဗိချိ”

“ဒါပေမဲ့…ပါးစပ်ကနံတယ်နော်၊ အသက်ကိုမှုတ်ထုတ်ကြည့်စမ်း…”

ပုပဲလု က အသက်ကို မှုတ်ထုတ်ချလိုက်သည်။

“ဟား…ဟား…ဒါကတော့နံတာပဲ ပုပဲလု, ဒါ Gas ဂတ်(စ်)အနံ့ပဲ၊ ဘယ်လောက်ပဲတိုက်တိုက် ဒါကတော့မဖြစ်နိုင်ဘူးနော်”

နှစ်ယောက်သား ညဥ့်နက်အထိအတူတူရှိနေခဲ့ကြသည်။

image

“မင်းဒီနေ့…ဟိုအမှိုက်လူသားနဲ့ဆော့ခဲ့တာလား?”

“ရပါတယ်အမေ… ပုပဲလု က မကောင်းတဲ့လူမဟုတ်ပါဘူး”

“အမလေး…အဲ့လိုအစစအရာရာ စိတ်ဝင်စားတတ်တာတွေက အဖေဆီက ရထားတဲ့အမွေတွေပဲ”

မြို့တွင်တစ်ဦးတည်းသောတံငါသည်ဖြစ်ခဲ့သည့် လုဗိချိ၏ဖခင်သည် လွန်ခဲ့သည့်နှစ် ဆောင်းရာသီ၌ ပင်လယ်ရေနစ်၍ သေဆုံးခဲ့ရခြင်းဖြစ်သည်။

စုတ်ပြတ် ပျက်စီးနေသောငါးဖမ်းသင်္ဘောကိုသာပင်လျှင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ရသည်။

၎င်းမြို့လေးတွင် မြို့သူမြို့သားများက ပင်လယ်၌ ကြောက်စရာကောင်းသောသတ္တဝါကြီးများရှိ သည်ဟု ယုံကြည်ကြသောကြောင့် ပင်လယ်ထဲသွားခြင်းကို တားမြစ်ထားခဲ့သဖြင့်

အားလုံးက “ကိုယ်ဖြစ်ကိုယ်ခံ”ဟုသာ ပြောခဲ့ကြလေသည်။

“အမေ…အမေက အဖေရဲ့ဘာကိုကြိုက်တာလဲ?”

“ရှက်တတ်ပြီး ချစ်စရာကောင်းတာလေးတွေရှိတယ်၊ ပျော်နေတဲ့အခါမျိုးမှာ ချက်ချင်းပဲ ဒီလိုမျိုး လက်ညှိုးနဲ့ နှာခေါင်းအောက်ကိုပွတ်တာမျိုးပေါ့”

image

နောက်တနေ့တွင် ပုပဲလု နှင့် လုဗိချိတို့သည် မီးခိုးခေါင်းတိုင်အပေါ်သို့တက်ခဲ့ကြလေသည်။

“ကြောက်လိုက်တာ…လုဗိချိ”

“သေချာကိုင်ထားရင် အေးဆေးပဲလေ” “ဒါပေမဲ့ လေထန်လို့ ပစ္စည်းတွေပြုတ်မကျအောင် ဂရုစိုက်နော်”

“ တစ်ခုခုပြုတ်ကျဖူးလို့ လား ”

“အင်း… အဖေ့ဓါတ်ပုံထည့်ထားတဲ့ ငွေရောင်ဆွဲသီးလေး၊

အဖေ့ဓါတ်ပုံက အဲဒီတစ်ပုံထဲပဲကျန်ခဲ့လို့ ပြန်ရှာလည်းမတွေ့ဘူးဖြစ်နေတာ”

လုဗိချိက ရေဆိုးမြစ်ကို လက်ညှိုးညွှန်၍ပြောလေသည်။

“အဲဒီ ရေဆိုးမြစ်ထဲကိုပြုတ်ကျသွားတာ”

image

“ဟေး… ပုပဲလု “ကြယ်” ဆိုတာသိလား?”

“ ကြယ် ! ”

“ဒီမြို့က မီးခိုးတွေနဲ့ ပိတ်ဆို့နေတာမဟုတ်လား…ဒါကြောင့် ကျွန်တော်တို့တွေက မမြင်နိုင်ပေမဲ့

အဲဒီ မီးခိုးတွေရဲ့အပေါ်မှာ “ကြယ်”လို့ခေါ်တဲ့ တောက်ပလင်းလက်နေတဲ့ကျောက်တုံးလေးတွေက လွင့်မျောနေတာ အဲဒါတွေကလည်း တစ်လုံး၊ နှစ်လုံးလည်းမဟုတ်ဘူးလေ၊ အလုံးထောင်သောင်း မက အများကြီးပေါ့”

“အဲ့လောက် မဖြစ်နိုင်တာမျိုးကရှိပါ့မလား? လျှောက်ပြောနေတာမလား”

“ကျွန်တော့်အဖေက အဲဒီကြယ်တွေကိုတွေ့ခဲ့တာ…ဟိုး ပင်လယ်အဝေးကြီးထဲကိုသွားခဲ့စဉ်ကပေါ့၊ နေရာတစ်နေရာကိုရောက်တဲ့အခါ ခေါင်းပေါ်မှာမီးခိုးတွေမရှိတော့ဘဲ

အဲဒီနေရာမှာ အလင်းရောင် တောက်ပနေတဲ့ကြယ်တွေက အများကြီးလွင့်မျောနေတယ်တဲ့…

မြို့ကလူတွေကလည်း ဘယ်သူမှ မယုံကြည်ဘဲ အဖေ့ကို လူလိမ်လူညာလို့ အခေါ်ခံရတဲ့အတိုင်းပဲ အဖေကသေဆုံးသွားခဲ့တာ၊

ဒါပေမဲ့ အဖေက “မီးခိုးတွေရဲ့အပေါ်မှာ ကြယ်တွေရှိတယ်”လို့ ပြောခဲ့ပြီး ကြယ်ကိုကြည့်နိုင်တဲ့နည်းလမ်း တွေကိုလည်းသင်ပြပေးခဲ့တယ်လေ”

လုဗိချိက မဲမှောင်နေသည့် မီးခိုးများကိုမော့ကြည့်ကာ ပြောခဲ့လေသည်။

‘“တစ်ကယ်လို့များ တစ်ယောက်တည်းဖြစ်နေခဲ့ရင်တောင် အကြွင်းမဲ့ယုံကြည်ပါ”’

image

နောက်တနေ့တွင် ချိန်းထားသည့်နေရာသို့ရောက်လာခဲ့သည့် ပုပဲလုသည် ထပ်မံ၍အနံ့များ ထွက်နေပေလေတော့သည်။

နောက်တနေ့တွင်လည်း…နောက်နေ့များတွင်လည်း ထိုနည်းအတူပင်ဖြစ်သည်။

“ပုပဲလုရဲ့ကိုယ်က ဘယ်လောက်ပဲရေချိုးချိုး နံနေတာပဲနော်”

လုဗိချိက “ နံတယ်…နံတယ် ”ဆိုပြီး နှာခေါင်းပိတ်ထားသည့်တိုင် နေ့စဉ်ရေချိုးပေးခဲ့လေသည်။

image

တစ်နေ့မှာတော့

ပုပဲလုသည် ပုံမှန်မဟုတ်သည့်ပုံစံဖြင့် ရောက်ရှိလာခဲ့သည်။

“ဘယ်လိုဖြစ်တာလဲ ပုပဲလု, တစ်ခုခုဖြစ်လာတာလား?”

ပုပဲလု၏ ဘယ်ဘက်နားတွင်ကပ်နေသောအမှိုက်က ပြုတ်ထွက်နေလေသည်။

“ ကျွန်တော်ရှိနေရင် မြို့က ညစ်ပတ်တယ်လို့ပြောကြတယ်”

“ နားကကြားရရဲ့ လား ”

“ဟင့်အင်း…ဘယ်ဘက်နားက ဘာမှမကြားရတော့ဘူး၊ ဘယ်ဘက်နားရဲ့ အမှိုက်ကပြုတ်ထွက်သွား လို့ ဘယ်ဘက်နားကမကြားရတော့ဘူးနဲ့တူတယ်”

“အန်တိုနီတို့လက်ချက်ပဲနော်…ဘာလို့အဲ့လောက်ထိရက်ရက်စက်စက်လုပ်ကြတာလဲ?”

“ကျွန်တော်က မကောင်းဆိုးဝါးမို့လို့ မတတ်နိုင်ဘူးလေဗျာ”

image

နောက်နေ့တွင် လုဗိချိသည် အန်တိုနီတို့၏ ဝိုင်းထားခြင်းကိုခံရလေတော့သည်။

“ဟိတ်…လုဗိချိ ဒန်းနစ်ကဖျားပြီး လဲနေပြီ၊

အမှိုက်လူသားဆီကကူးတဲ့ပိုးကြောင့်ဖြစ်တာမဟုတ်လား”

“ပုပဲလုက သေသေချာချာ ရေချိုးနေတာ၊ ဘာပိုးမှမရှိဘူးလေ”

“အရမ်းလိမ်ပြောတတ်တာပဲ၊ မနေ့ကလည်း အဲဒီအမှိုက်လူသား အရမ်းနံနေတာပဲ၊

မင်းတို့အိမ်က မိဘတွေကော မင်းကော လူလိမ်တွေပဲ”

အမှန်တစ်ကယ်တွင်လည်း ပုပဲလု၏ ခန္ဓာကိုယ်သည် မည်သို့ပင်ဆေးကြောသည့်တိုင် နောက် တနေ့တွင် အနံ့ထွက်နေသည်ဖြစ်သဖြင့်

လုဗိချိလည်း ပြန်ဖြေစရာစကားမရှိတော့ပေ။

“ဘာဖြစ်လို့ ဒီအမှိုက်လူသားနဲ့ဆော့နေတာလဲ? အလိုက်သိပြီး မင်းငါတို့နဲ့လာပေါင်းလိုက်စမ်းပါ”

image

အပြန်လမ်းတွင် ဒယီးဒယိုင်နှင့် လမ်းလျှောက်နေသော လုဗိချိထံသို့ ပုပဲလုက ရောက်လာခဲ့ သည်။

“ဟေး…လုဗိချိ၊ သွားကစားရအောင်”

“ပြန်ပြီးတော့ နံနေပြန်ပြီလား? အဲဒါကြောင့် ကျွန်တော့်ကိုကျောင်းမှာ အနိုင်ကျင့်ခံလိုက်ရတာ၊

ဘယ်လောက်ပဲရေချိုးပေးပေး နံတဲ့ ခင်ဗျားခန္ဓာကိုယ်ကြောင့်ပေါ့”

“ဆောရီးနော် လုဗိချိ”

“တော်ပြီ…ခင်ဗျားနဲ့မတွေ့တော့ဘူး၊ ခင်ဗျားနဲ့လည်းမဆော့တော့ဘူး”

image

နောက်ပိုင်းတွင် နှစ်ယောက်သားမတွေ့ကြတော့ပေ။

ပုပဲလုသည် လုဗိချိနှင့်မတွေ့တော့သည့်အချိန်မှစ၍ ရေမချိုးတော့သဖြင့်

ပိုမို၍ညစ်ပတ်လာပြီး ယင်ကောင်များဝိုင်းကာ ပို၍ပို၍ညစ်ပတ်လာကာ ပို၍ပို၍နံစော်နေပေလေတော့သည်။

ပုပဲလု၏ ဂုဏ်သတင်းမှာ ပိုမိုဆိုးရွားလာရန်သာ ရှိနေလေပေတော့သည်။

မည်သူကမှလည်း ပုပဲလုအနားကိုကပ်ကြတော့မည်မဟုတ်ပေ။

image

 

image

တိတ်ဆိတ်နေသော ညတစ်ညတွင်

လုဗိချိ၏ အခန်းပြတင်းပေါက်ကနေ ဒေါက်၊ ဒေါက်ဟု အသံ မြည်လာသဖြင့်

ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည့်အခါတွင်ပြတင်းပေါက်၌ အရမ်းပြောင်းလဲ သွားသော ပုပဲလုကို တွေ့ရလေသည်။

ခန္ဓာကိုယ်တစ်ခုလုံး မဲမှောင်ညစ်ပေနေပြီး လက်တစ်ဖက်လည်းမရှိတော့ပေ။

ဒီတစ်ခါလည်း အန်တိုနီတို့ရဲ့လက်ချက်ပဲဖြစ်မှာပဲ။

လုဗိချိက ပြတင်းပေါက်ကို ကပြာကယာဖွင့်လိုက်ပြီး…

“ဘယ်လိုဖြစ်လာတာလဲ ပုပဲလု? ကျွန်တော်တို့က နောက်ထပ်…” (စကားမဆုံးခင်မှာပဲ)

“ သွား…ရ…အောင် ”

“ဟင်? ဘာတွေပြောနေတာလဲ?”

“ သွားကြရအောင်… လုဗိချိ ”

image

“ခဏနေပါဦး…ဘယ်လိုဖြစ်လာတယ်ဆိုတာပြောဦးလေ”

“မလောလို့မရဘူး…ကျွန်တော့်အသက်မဆုံးရှုံးခင်မှာသွားရအောင်”

“ ဘယ်ကိုသွားမှာလဲ ?”

“ ဟာ…မလောလို့ မရဘူး….. မလောလို့မရဘူး ”

image

ရောက်သွားသည်မှာကတော့ လူသွားလူလာနည်းပါးသည့် သဲသောင်ပြင်တစ်ခုဖြစ်သည်။

“သွားရအောင်…လုဗိချိ၊ ကဲ…တက်ပါ”

“ဘာတွေလျှောက်ပြောနေတာလဲ? ဒီသင်္ဘောက ပျက်နေတဲ့အတွက်ကြောင့်ရှေ့မသွားတော့ဘူး လေ”

ပုပဲလုက ဂရုမစိုက်ဘဲ အိတ်ထဲမှ မြောက်များစွာသောပူဖောင်းများကိုထုတ်၍

ဖူး…ဖူး…ဖူး ဆိုပြီး အသက်ကိုမှုတ်ထုတ်ကာ ပူဖောင်းများကို လေမှုတ်သွင်းလေတော့သည်။

ဖူး…ဖူး…ဖူး…ဖူးဖူးဖူး

“ဟေး… ပုပဲလု ဘာတွေလုပ်နေတာလဲ”

ဖူး…ဖူး…ဖူး…ဖူးဖူးဖူး

“မလုပ်လို့မရဘူး…မလုပ်လို့မရဘူး…ကျွန်တော့်ရဲ့အသက်မဆုံးရှုံးခင်”

ပုပဲလုက မှုတ်ထားသည့် ဘောလုံးများကို တစ်ခုချင်းစီ သင်္ဘောတွင်ချည်နှောင်ခဲ့လေသည်။

image

သင်္ဘောတွင် ရာပေါင်းများစွာသော ပူဖောင်းများကိုတပ်ဆင်ခဲ့လေသည်။

“သွားမယ်…လုဗိချိ”

“ ဘယ်ကိုလဲ ?”

“ မီးခိုးတွေရဲ့အပေါ်ကို ”

ပုပဲလုက သင်္ဘောကို ချည်နှောင်ထားသည့်ကြိုးကိုဖြည်ရင်း ပြောခဲ့လေသည်။

“ကြယ်တွေကိုသွားကြည့်ရအောင်”

image

မိုးပျံပူဖောင်းများတပ်ဆင်ထားသည့်သင်္ဘောသည် တဖြေးဖြေးချင်းတက်သွားနေပေတော့သည်။

“ ဒီဟာက …… အဆင်ပြေပါ့မလား… ”

ထိုမျှလောက်မြင့်မားသည့်အမြင့်မှ မြို့ကိုစီး၍ ကြည့်ရသည်မှာ ပထမဦးဆုံးအကြိမ်ပင်ဖြစ်သည်။

မြို့၏ ညရှုခင်းသည် လွန်စွာလှပနေသည်ဖြစ်သည်။

“ကဲ… အသက်ခဏအောင့်ထားပါ၊ မကြာခင်မှာ မီးခိုးတွေကြားထဲကိုဝင်တော့မှာ”

image

ဝုန်း……ဝုန်း……ဝုန်း……ဝုန်း

မီးခိုးများကြားတွင် ဘာကိုမျှမမြင်ရပေ။ အမှောင်အတိကျနေသည်သာဖြစ်သည်။

ဝုန်း……ဝုန်း ဆိုသည့်လေသံနှင့်အတူ ပုပဲလု၏ အသံကို ကြားရလေသည်။

“သေချာကိုင်ထားနော် လုဗိချိ”

အပေါ်သို့ရောက်လျှင်ရောက်သလောက် လေက ထန်လာခဲ့လေတော့သည်။

image

“လုဗိချိ…အပေါ်ကိုကြည့်စမ်း၊ မီးခိုးတွေကိုကျော်တော့မယ်… မျက်စိကိုပိတ်မထားနဲ့”

ဝုန်း….. ၀ုန်း…. ဝေါ…. ဝေါ…..

image

 

image

“အဖေကလိမ်ပြောခဲ့တာမဟုတ်ဘူးပဲ”

ထိုနေရာတွင် ရေတွက်မရနိုင်လောက်အောင် များပြားလှသည့်အလင်းရောင်များနှင့် ပြည့်နှက်နေသည်ဖြစ်သည်။

ခေတ္တခဏ ငေးမောကြည့်ပြီးနောက်တွင် ပုပဲလုက ပြောခဲ့လေသည်။

“အပြန်ကျရင် ဘောလုံးကို သင်္ဘောကနေ ဖြုတ်ချလိုက်ရင်ရပေမဲ့ တပြိုင်နက်တည်းအားလုံးကို မဖြုတ်ရဘူးနော်၊

တစ်ခါတည်းဖြုတ်လိုက်ရင် ပြုတ်ကျသွားမှာမို့လို့ တစ်ခုချင်းဖြုတ်လိုက်နော်”

“ဘာတွေပြောနေတာလဲ ပုပဲလု ? အတူတူပြန်မှာမဟုတ်ဘူးလား?”

“ခင်ဗျားနဲ့အတူတူရှိနိုင်မှာက ဒီအထိပါပဲ၊

ကျွန်တော် လုဗိချိနဲ့ ‘ကြယ်’ကို ကြည့်နိုင်ခဲ့တာက တစ်ကယ့်ကို တန်ဖိုးရှိတယ်နော်”

image

“ဘာတွေလျှောက်ပြောနေတာလဲ…အတူတူပြန်ကြရအောင်လေ”

“ဒါနဲ့…လုဗိချိ၊ ခင်ဗျားပျောက်သွားတဲ့ ဆွဲသီးလေးကို တောက်လျှောက်ရှာနေခဲ့တာ၊

ဒီမြစ်ထဲက အမှိုက်တွေက အမှိုက်ထိန်းသိမ်းတဲ့နေရာအထိ စီးသွားတဲ့အတွက်ကြောင့်

သေချာပေါက် အဲဒီ နေရာမှာရှိနေမယ်လို့ထင်ထားခဲ့တာ”

image

“ကျွန်တော်က အမှိုက်ပုံထဲမှာ မွေးဖွားတဲ့အမှိုက်လူသားဖြစ်တဲ့အတွက်ကြောင့် အမှိုက်တွေကို လျှောက်ဆွတာက ကျွမ်းပြီးသားပဲလေ၊

အဲဒီနေ့ကစပြီး နေ့တိုင်း အမှိုက်ပုံထဲမှာ မွှေနှောက်ရှာဖွေခဲ့ပေမဲ့ လုံးဝမတွေ့ခဲ့ဘူး၊

ဆယ်ရက်လောက်ရှာရင်တွေ့မယ်လို့ ထင်ခဲ့ပေမဲ့……”

image

“ပုပဲလု …အဲဒါကြောင့် မင်းရဲ့ခန္ဓာကိုယ်က……” (ဝမ်းနည်းလွန်းပြီးစကားမဆက်နိုင်တော့ဘဲ) “ကျွန်တော်က ဒီလောက်ထိ ရက်ရက်စက်စက် ဆက်ဆံခဲ့တာတောင်မှ……”

“ရပါတယ်…ကိစ္စမရှိပါဘူး” “ခင်ဗျားက ပထမဦးဆုံး ကျွန်တော့်ကို စကားစပြောလာတဲ့အချိန်မှာ

ကျွန်တော်က ခင်ဗျားအတွက် ဆိုရင် ကျွန်တော်ဘာတွေပဲဖြစ်ဖြစ် ခင်ဗျားဘက်ကရပ်တည်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ”

လုဗိချိ၏ မျက်လုံးအိမ်မှ မျက်ရည်များကျဆင်းလာခဲ့တော့လေသည်။

“နောက်ဆုံးအမှိုက်ထိန်းသိမ်းတဲ့နေရာမှာ ဆွဲသီးကမရှိခဲ့ဘူး”

ကျွန်တော်က ငတုံးတစ်ယောက်ပါ။

“ခင်ဗျားက “လွမ်းစရာကောင်းတဲ့အနံ့တစ်ခု”ရတယ်လို့ပြောတဲ့အခါတုန်းက သတိထားမိခဲ့သင့်တာ ပေါ့”

ပုပဲလုက ဦးခေါင်းပေါ်မှ အမွေးစုတ်ဖွားထီးကိုဖွင့်ချလိုက်ပြီး…

“ တစ်ချိန်လုံး ဒီမှာရှိနေခဲ့တာလေ… ”

image

ထီးအတွင်း၌ ငွေရောင်ဆွဲသီးလေးက တွဲလောင်းကျနေလေသည်။

“ခင်ဗျားရှာနေတဲ့ဆွဲသီးလေးက ဒီမှာရှိနေခဲ့တာ၊ ကျွန်တော့်ရဲ့ဦးနှောက်ဖြစ်နေတယ်လေ”

လွမ်းစရာ ကောင်းတဲ့အနံ့ရဲ့ အဓိကအကြောင်းအရင်းက ဒါဖြစ်နေတာပေါ့၊

ကျွန်တော့်ရဲ့ဘယ်ဘက်နားမှာရှိ တဲ့အမှိုက်ပြုတ်သွားခဲ့တုန်းက ဘယ်ဘက်နားကမကြားရတော့ဘူးမလား၊

အဲဒီလိုပဲ ဒီဆွဲသီးလေး မရှိတော့ရင်လည်း ကျွန်တော်လှုပ်ရှားနိုင်မှာမဟုတ်တော့ဘူး၊

ဒါပေမဲ့ ဒီဆွဲသီးလေးက ခင်ဗျားရဲ့ ပစ္စည်းပါ”“ခင်ဗျားနဲ့အတူတူရှိနေတဲ့အချိန်တွေမှာ

ကျွန်တော်ဟာတစ်ကယ့်ကို အရမ်းပျော်ရွှင်ခဲ့ရတယ်၊ ကျေးဇူးပဲ လုဗိချိ၊ ဘိုင့်ဘိုင်……”

ထိုသို့ပြော၍ ဆွဲသီးလေးကို ဆွဲဖြုတ်ရန်ပြုလုပ်သောအခါတွင်ဖြစ်သည်။

image

“မလုပ်ပါနဲ့”

လုဗိချိက ပုပဲလု၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။

“ဘာလုပ်မလို့လဲ လုဗိချိ၊ ဒီဆွဲသီးက ခင်ဗျားရဲ့ပစ္စည်းပဲလေ၊

ဒါကို ကျွန်တော်ကဒီအတိုင်း ဆက်ယူထားရင်တောင်မှ တစ်ချိန်ကျရင် အန်တိုနီတို့ရဲ့ အနိုင်ကျင့်ခံရမယ်ဆိုရင်

ဒီတစ်ခါဆိုရင်တော့ တစ်ကယ့်ကို ဆုံးရှုံးသွားလိမ့်မယ်၊

အဲဒါဆိုရင် ခင်ဗျားက ခင်ဗျားအဖေရဲ့ဓါတ်ပုံကို နောက် ထပ်မြင်ရမှာမဟုတ်တော့ဘူး”

“ အတူတူ ထွက်ပြေးရင်လည်းရတာပဲလေ…. ”

“ပေါက်ကရတွေလျှောက်ပြောမနေနဲ့၊ ကျွန်တော်နဲ့အတူတူရှိတာကိုတွေ့သွားရင်

ဒီတစ်ခေါက်က လုဗိချိလည်း အထိုးခံရနိုင်တယ်”

“ရတယ်…ကိစ္စမရှိဘူး၊ နာကျင်မှုဆိုတာက နှစ်ယောက်အတူတူရှိနေတဲ့အတွက် မျှဝေခံစားရင်လည်း ရတာပဲ”

image

“ပုပဲလု နေ့တိုင်းတွေ့ရအောင်၊ အဲလိုဆိုရင် အဖေ့ရဲ့ဓါတ်ပုံကိုလည်း နေ့တိုင်းကြည့်လို့ရတယ် လေ၊

အဲဒါကြောင့် နေ့တိုင်းအတူတူတွေ့ရအောင်၊ နောက်ပြီး နေ့တိုင်းအတူတူကစားရအောင်”

အမှိုက်လူသား၏ မျက်လုံးအိမ်အတွင်းမှမျက်ရည်များ ဒလဟောကျဆင်းလာပေလေတော့သည်။

လုဗိချိနှင့်နေ့တိုင်းကစားဖို့………ဒါက ဟိုးအရင်ကတည်းက ဆုတောင်းထားခဲ့သလိုမျိုး ထူးဆန်းတဲ့ ခံစားမှုကို ခံစားရလေတော့သည်။

“ပုပဲလု ကြယ်တွေကအရမ်းကိုလှတာပဲနော်၊ ခေါ်လာပြပေးတာ ကျေးဇူးပဲ၊

ခင်ဗျားနှင့်အတူတူတွေ့ဆုံရတာကို တစ်ကယ်ကို ဝမ်းသာတယ်”

ပုပဲလုက ရှိုးတိုးရှန့်တန့်ဖြစ်သွားခဲ့လေသည်။

image

“တော်ပါတော့ လုဗိချိရယ်၊ ရှက်တောင်ရှက်လာပြီ”

ထိုသို့ပြော၍ လက်ညှိုးဖြင့် နှာခေါင်းကြီးအောက်ကို ပွတ်လိုက်မိသည်ဖြစ်သည်။

image

“ဆောရီးပဲ ပုပဲလု ကျွန်တော်က သတိထားမိတာနောက်ကျသွားတယ်၊ ဟုတ်ပြီ…ဟုတ်ပြီ…

Halloween ဆိုတာ သေဆုံးတဲ့သူတွေရဲ့ ဝိညာဉ်က ပြန်လာတဲ့နေ့ပဲနော်”

“ဘာကိုဆိုလိုတာလဲ လုဗိချိ?”

“Halloween Poupelle… မင်းဘယ်သူဆိုတာလဲ သိပြီကွ”

image

“လာတွေ့ပေးခဲ့တာပေါ့နော်……အဖေ”

【ပြီးပါပြီ။】

ပန်းချီဆရာ၊ စာရေးဆရာ၊ ဒါရိုက်တာ AKIHIRO NISHINO

image

【amazon】
『PoupeIIe Of ChimneyTown』